ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို မကုသဘူးဆိုရင်
လူတွေရဲ့ဘဝမှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ ဆီးလမ်းကြောင်းပိုးဝင်ဖူးကြမယ်လို့ ကျန်းမာရေးပညာရှင်အများစုက သုံးသပ်ထားကြပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection) ဆိုတာ တကယ်တော့ အရေပြား ဒါမှမဟုတ် စအိုကနေ ဘက်တီးရီးယားပိုးတစ်မျိုးမျိုးက ဆီးလမ်းကြောင်းထဲဝင်သွားရာကနေ ဖြစ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။
ဘယ်သူတွေမှာ ပိုအဖြစ်များလဲ။
ယောက်ျားလေးတွေထက် မိန်းကလေးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ အရမ်းများပါတယ်။ အကြောင်းရင်းကတော့ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းက တိုလွန်းသလို မိန်းမကိုယ်ပတ်လည်မှာ ဘက်တီးရီးယားပိုးတွေ ပိုများတာကြောင့်ပါပဲ။ ယောက်ျားလေးတွေမှာတော့ ဆီးလမ်းကြောင်းပိုးဝင်နေတဲ့ မိန်းကလေးနဲ့ အကာအကွယ်မဲ့လိင်ဆက်ဆံတာ၊ စအိုကို အကာအကွယ်မဲ့ ထိုးသွင်းဆက်ဆံတာ၊ ရေသောက်နည်းလို့ ဆီးသွားနည်းသူတွေ၊ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းသူတွေနဲ့ ထိပ်အရေပြားမဖြတ်ထားသူတွေမှာ ပိုအဖြစ်များပါတယ်။
ကုလို့လွယ်လား။
ဆီးသွားတဲ့အခါ ပူစပ်ပူလောင်ဖြစ်တာ၊ အကြောင်းရင်းမရှိဘဲ မကြာခဏ ဆီးသွားချင်တာ၊ ဆီးထဲ သွေးပါတာ၊ ချမ်းတုန်တာ၊ အဖျားတက်တာ၊ အော့အန်တာ စတဲ့လက္ခဏာတွေကို ခံစားနေရတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသကြည့်သင့်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းလို့ အဖြေထွက်လာတယ်ဆိုရင်တော့ သင့်တော်တဲ့ ပဋိဇီဝပိုးသတ်ဆေး (Antibiotics) နဲ့ အလွယ်တကူကုသပျောက်ကင်းနိုင်ပါတယ်။
မကုဘဲ ပစ်ထားလိုက်ရင် ဘာဖြစ်နိုင်လဲ။
တချို့အခြေအနေတွေမှာ ဆီးလမ်းကြောင်းထဲ ဝင်တဲ့ပိုးကောင်ရေက အရမ်းနည်းနေတဲ့အတွက် ကိုယ့်ဖာသာ အိမ်ကနေ ဂရုစိုက်ပေးရုံနဲ့ သူ့အလိုလို ပျောက်သွားတာမျိုးလည်း ရှိပါတယ်။ အဲဒီလိုမပျောက်သွားဘူးဆိုရင်တော့ နည်းနည်းပြင်းထန်တဲ့ အခြေအနေလို့ ယူဆလို့ရပြီး ဆေးကုသမှု သေချာခံယူသင့်ပါတယ်။ အဲဒီလိုမှ မလုပ်ဘူးဆိုရင်တော့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီပြဿနာတွေထဲမှာ
၁။ Pyelonephritis
ကျောက်ကပ်ရဲ့ ဘယ်လိုအစိတ်အပိုင်း၊ နေရာကိုမဆို ပိုးဝင်တဲ့ရောဂါကို ခေါ်တာပါ။ UTI ကို မကုသလိုက်တာကြောင့် ဆီးလမ်းကြောင်းထဲက ပိုးတွေက အထက်ကိုတက်ပြီး ကျောက်ကပ်ထဲထိ ဝင်လာတာဖြစ်ပါတယ်။ လက္ခဏာအနေနဲ့
- အဖျားတက်၊ ချမ်းတုန်ခြင်း
- မူးဝေအော့အန်ခြင်း
- ဘေးဘက်ခြမ်းမှာ နာကျင်မှုဝေဒနာ ခံစားရနိုင်ပါတယ်။
တချို့လူတွေမှာ ပဋိဇီဝပိုးသတ်ဆေးပေးရုံနဲ့ ပျောက်တာမျိုးလည်း ရှိသလို မွေးကင်းစကလေးတွေနဲ့ အသက် (၆၀) နဲ့အထက် လူကြီးပိုင်းတွေ၊ ပုံမှန်မဟုတ်တဲ့ ဆီးလမ်းကြောင်းဖွဲ့စည်းပုံနဲ့ မွေးလာကြသူတွေ၊ ကိုယ်ခံအားစနစ် ထိခိုက်ထားသူတွေ၊ ဆီးကျိတ်ပိတ်ဆို့နေသူတွေမှာတော့ ကုဖို့ ခက်ခဲပါတယ်။
၂။ Sepsis
ရောဂါပိုးက ခန္ဓာကိုယ်ထဲ ဝင်လာတဲ့အခါ ကိုယ်ခံအားစနစ်က ဒါကိုတိုက်ထုတ်ဖို့အတွက် တုံ့ပြန်ရပါတယ်။ Sepsis ဆိုတာကတော့ ကိုယ်ခံအားစနစ်က ရောဂါကိုတိုက်ထုတ်နေတဲ့အချိန်မှာပဲ ကိုယ်တွင်းမှာ inflammation လို့ခေါ်တဲ့ နီရဲရောင်ရမ်းခြင်းတွေကို လိုတာထက်ပိုဖြစ်စေတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ Sepsis Case တွေအားလုံးရဲ့ ၃၀% လောက်က ဆီးလမ်းကြောင်းပိုးဝင်တာကို မကုသဘဲ ပစ်ထားတာကြောင့် ဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ လက္ခဏာအနေနဲ့
- ခန္ဓာကိုယ်အပူချိန် ပူလွန်း၊ အေးလွန်းတာ
- နှလုံးခုန်နှုန်း အဆမတန် မြန်နေတာ
- အသက်ရှူနှုန်း မြန်လာတာ
- ခန္ဓာကိုယ်ရဲ့ တချို့နေရာတွေ ဖောရောင်လာတာ
- စိတ်ရှုပ်ထွေးပြီး အာရုံစူးစိုက်မရတော့တာတွေ ဖြစ်လာနိုင်ပါတယ်။
အကောင်းဆုံးကတော့ ဆီးသွားနေတဲ့အချိန် ပြဿနာတစ်စုံတစ်ရာ ခံစားနေရတယ်ဆိုရင်တော့ စောစောစီးစီး ဆရာဝန်နဲ့ ပြသပြီး ကျန်းမာရေးစစ်ဆေးမှုခံယူပါ။ သင့်တော်တဲ့ ပဋိဇီဝပိုးသတ်ဆေးနဲ့သာဆိုရင်တော့ အချိန်ခဏလေးနဲ့ ရောဂါသက်သာပျောက်ကင်းနိုင်ပါတယ်။
ရဲမျိုးမြတ်